27 March 2012

"အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့"

ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ(RNDP)မှထုတ်ဝေသော တိုးတက်ရေးသတင်းလွှာတွင်ပါရှိ သည့် ဆောင်းပါးရှင် တိုးတက်ခိုင်ရေးသားသော "အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့" ဆိုသော ဆောင်းပါးကြောင့် စာပေစီစစ်ရေး ညွှန်ကြားရေးမှူးက ၁၉ရက်၊ ၃လ၊ ၂၀၁၂ခုနှစ်တွင် RNDPမှ ကိုမြင့်နိုင်နှင့် ဦးကျော်ဇံသာတို့အား ခေါ်ယူပြီး နောက်တစ်ကြိမ် ယခုကဲ့သို့ ဆောင်းပါးမျိုးပါလာခဲ့လျှင် စာစောင်ထုတ်ဝေခြင်း ပိတ်ပင်ခံရမည်ဟု ပြင်းထန်စွာ သတိပေးခြင်းခံခဲ့ရကြောင်း RNDPမှ အထွေထွေအတွင်းရေးမှူး ဦးလှစော ပြောပြချက်အရ သိရှိရသည်။

၎င်းဆောင်းပါးမှာ မြန်မာနိုင်ငံ၌ အုပ်ချူပ်သူအစိုးရအဆက်ဆက် တိုင်းရင်းသားများ အမျိုးမျိုးသော နိုင်ငံရေးလှည့်စားမှုများအတွင်း လူးလိမ့်ခံစားခဲ့ရခြင်းကို ဆောင်းပါးရှင် တိုးတက်ခိုင်မှ သမိုင်းများအား မီးမောင်းထိုးဖော်ပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ရခိုင်လူငယ်တစ်ဦးက " ယခုပြောနေကြတဲ့ စတုတ္တမဏ္ဍိုင်ဆိုတာ အစိုးရသစ်အနေနဲ့ စကားပြောတဲ့အခါ နားထောင်လို့ကောင်းရုံသာဖြစ်ပြီး လက်တွေ့မှာတော့ အခုချိန်ထိ စစ်အစိုးရ လက်ရာခြေရာတွေ မပျောက်သေးပါဘူး။ ဒီလိုပါတီတစ်ခုကိုတောင် ခေါ်ယူပြီးခြိမ်းခြောက်တယ်ဆိုရင် နောက်ထပ် ပုဂ္ဂလိက စာနယ်ဇင်းတွေ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားလို့သာကြည့်လိုက်ပါတော့" လို့ပြောကြားသွားသည်။

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနေသူ ကိုမင်းခန့်ကလည်း " ဒါဟာ အပြောနဲ့လက်တွေ့ မကိုက်ညီတာဘဲ၊ အစိုးရပြောနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘယ်နားမှာလည်းလို့ ပြန်မေးရလိမ့်မယ်။ ဒီလိုမျိုး လူတစ်ယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်တာဟာ တစ်ကမ္ဘာလုံးက လိုက်နာကျင့်သုံးနေကြတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပုဒ်(၉) လူတိုင်းလွတ်လပ်စွာထုတ်ဖော် ပြောဆိုပိုင်ခွင့်ရရှိရေး ကိုချိုးဖောက်တာဖြစ်ပါတယ်" လို့ ရှင်းပြသည်။

သတင်း အပြည့်အစုံ မူရင်း Arakan Times သို့ 